Saturday, April 4, 2009

DVB news


ဒေါ်ဝင်းမြမြကို ထောင်ဒဏ်လေးနှစ် လျှော့ပေါ့
ထက်အောင်ကျော် ၄ ဧပြီ ၂ဝဝ၉ - DVB

၂ဝဝ၇ စက်တင်ဘာလူထုလှုပ်ရှားမှု၊ ၂ဝဝ၈ ဖွဲ့စည်းပုံဆန္ဒခံယူပွဲ ဆန့်ကျင်မှု စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေးမှူး ဒေါ်ဝင်းမြမြကို အရင်ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၂ နှစ်ကနေ ၄ နှစ်ထပ်လျော့ပြီး ၈ နှစ် အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ သိရကြောင်း သူရဲ့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့က မန္တလေးတိုင်း ဗဟိုတရားရုံးမှာ ပြုလုပ်တဲ့ အယူခံ ကြားနာမှုကနေ အခုလို ၄ နှစ်လျော့လိုက်တာ၊ ဒါမှမဟုတ် ပုဒ်မ ၂ ခု ထပ်နေတာကို တပေါင်းတည်း ယူပေးလိုက်တာဖြစ်တယ်လို့ ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကပြော ပါတယ်။

ဒါပေမဲ့ သူနဲ့အတူ အဖမ်းခံထားရသူတွေဖြစ်တဲ့ ဦးသန်းလွင်၊ ဦးကံထွန်းနဲ့ တခြား ၃ ဦးရဲ့ အယူခံအခြေနေကိုတော့ မသိရသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အသက် ၅ဝ ကျော်အရွယ်ရှိ ဒေါ်ဝင်းမြမြကို ၂ဝဝ၈ သြဂုတ်လမှာ စတင် ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညို ပျက်စေမှုအပါဝင် ပုဒ်မ ၃ မျိုးနဲ့ စွဲချက် တင်ခဲ့ကာ အောက်တိုဘာ ၂၄ ရက်မှာ ထောင်ဒဏ် ၁၂ နှစ်ချပြီး မကြာသေးခင်ကမှ မြစ်ကြီးနားထောင်၊ အဲဒီကတဆင့် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပူတာအိုထောင်ဆီ ထပ် ပြောင်းပြီးနောက် အခုလို ၄ နှစ်လျှော့တဲ့ သတင်း ထွက်ပေါ်လာတာပါ။

ဒါဟာ ပြစ်ဒဏ်လျှော့ပေးတဲ့ သဘော မဟုတ်ဘဲ နဂိုကတည်းက အမြင့်ဆုံးပြစ်ဒဏ်တွေ ပေးထားပြီး ဥပဒေကို လုပ်ချင်ရာ လုပ်နေတာ ဖြစ်တယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဝေဖန်ပါတယ်။

ဒေါ်ဝင်းမြမြလို ဖမ်းဆီးခံနေရတဲ့ သူတို့ ပါတီဝင် ရာနဲ့ချီ ရှိနေဆဲ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်း ကပြောပါတယ်။ နယ်စပ်အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီရေးအသင်းရဲ့ စာရင်း အရ ဆိုရင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေဆဲလို့ သိရပါတယ်။

No comments:

Post a Comment