Tuesday, December 2, 2008

DVB news

ဒေါ်ဝင်းမြမြအပါအဝင် ၆ ဦးအမှု အယူခံကို တိုင်းတရားရုံးက ပယ်ချ
၂ ဒီဇင်ဘာ ၂ဝဝ၈ နန်းခမ်းကယောက်
ဒီဗွီဘီ၊

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြ အပါအဝင် ၆ ဦးရဲ့ အယူခံကို မန္တလေးတိုင်း တရားရုံးက ဒီနေ့မှာ အကျဉ်းနည်းနဲ့ ပယ်ချလိုက်တယ် လို့ အကျိုး ဆောင်ရှေ့ နေ ဦးမြင့်သွင်က ပြောပါတယ်။ အယူခံ အပယ်ခံရသူတွေကတော့ ဒေါ်ဝင်းမြမြ အပါအဝင်
အဖွဲ့ချုပ် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ ဦး သန်းလွင်၊
စည်းရုံးရေးကော်မတီဝင် ဦးကံထွန်း၊
ကျောက်ပန်းတောင်းမြို့နယ်က ကိုဝင်းရွှေနဲ့
မိတ္တီလာ မြို့နယ်က ကိုတင်ကိုကိုနဲ့
မိုးကုတ်မြို့နယ်က ကိုမင်းသူတို့ ဖြစ်ပါတယ်။

အစိုးရက သူတို့တတွေကို ရွှေဝါရောင် တော်လှန်ရေး ဖြစ်နေချိန်မှာ ဖမ်းဆီး တရားစွဲခဲ့ပြီး မန္တ လေး အိုးဘိုထောင်တွင်းမှာ ရုံးထိုင်တဲ့ အောင်မြေသာဇံ မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်းမှာ ချမှတ်ပါတယ်။

မနှစ်က အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ်စုံညီ အစည်းအဝေးမှာ ပြောဆိုကြတဲ့ စကားတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်း၊ ရုံးတင်၊ အစည်းအဝေးမှာ ပြောဆိုချက်တွေဟာ ပြောသူရော၊ နားထောင်သူပါ အစိုးရကို အကြည်ညို ပျက်စေမှု ကျူးလွန်တာပဲလို့ စွပ်စွဲပြီး တရားစွဲခဲ့တာပါ။ ဒါ့အပြင် မေတ္တာပို့ ကြွချီတဲ့ သံဃာတော်တွေကို ရေကပ်လှူတာ၊ သံဃာတော်တွေရဲ့နောက်က လိုက်ပါတာတွေဟာလည်း အစိုးရကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲ တရားစွဲပြီး ထောင်ဒဏ်ချ မှတ်လိုက်ပါတယ်။

ဒေါ်ဝင်းမြမြတို့ ၆ ဦးစလုံး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့အပြင် ပုဒ်မ တခု တည်းနဲ့ ၄ ကြိမ်စွဲဆိုခံရသူလည်း ပါပါတယ်။ ပုဒ်မတခုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ပုဒ်မတူ ၄ မှုအ တွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံကြရတာပါ။

ဒီအမှုအတွက် တရားရုံးချုပ် အထိ အယူခံတက်သွားမယ်လို့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်တုန်းကလည်း မန္တလေးခရိုင်တရားရုံးက ဒီအယူခံကို အကျဉ်းနည်း နဲ့ပဲ ပယ်ချခဲ့ပါတယ်။

ဒေါ်ဝင်းမြမြအပါအဝင် ခြောက်ဦးအမှုအယူခံ ခရိုင် အဆင့် ပယ်ချ
ဒီဗွီဘီ ဝ၅ နိုဝင်ဘာ ၂ဝဝ၈ အေးနိုင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြတို့ ခြောက်ဦးရဲ့ အယူခံကို မန္တလေးခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။

ဒီနေ့ပဲ ခရိုင်တရားရုံးကို သွားပြီး အယူခံတက်ရာမှာ ပယ်ချခံရတာလို့ အကျိုး ဆောင် ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့ ဒေါ်ဝင်းမြမြတို့အမှု ရှစ်မှုစလုံးကို မန္တလေးခရိုင်တရားရုံးမှာ ပြစ်မှု ဆိုင်ရာ အယူခံမှု တင်ပါတယ်။ အယူခံမှုတွေမှာ ကျနော်တို့လူတွေကို ဒီဥပဒေနဲ့ ပြစ်ဒဏ် ချထားတာ ဥပဒေအရ မှားယွင်းတဲ့အကြောင်း၊ စွဲဆိုထားတဲ့ ဥပဒေအရ မှားယွင်းတဲ့ အကြောင်း၊ ကျနော်တို့လူတွေကို ပြစ်ဒဏ် မချသင့်တဲ့အကြောင်း ဥပဒေကိုးကားပြီးတော့ အယူခံမှု လျှောက်ရပါတယ်။ လျှောက်တဲ့အခါမှာ မန္တလေးခရိုင်တရားသူကြီးက ကျနော်တို့ လျှောက်ထားတဲ့ လျှောက်လွှာတွေကို ဖတ်ပါတယ်။ ဖတ်ပြီးတော့ စီရင်ချက်ကို ဖတ်ပါတယ်။ စီရင်ချက်ကို ဖတ်ပြီးတဲ့အခါမှာ သူက အယူခံမှုကိုလက်မခံဘူး။ ဒီအမှုကို တော့ အကျဉ်းနည်းနဲ့ ပလပ်တယ်။ ဆက်တိုက်အယူခံ ပြင်ဆင်မှုတွေ တက်နိုင်ပါတယ်လို့ တရားရုံးကနေ အမိန့်ချပါတယ်။”

အကျဉ်းနည်းနဲ့ ပလပ်တယ် ဆိုတာဟာ အကျဉ်းချုပ် နဲ့ ပယ်လိုက်တာလို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီခြောက်ဦးကတော့
အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြ၊
အဖွဲ့ချုပ် မန္တလေးတိုင်း ဒုဥက္ကဌ ဦးသန်းလွင်၊
စည်းရုံးရေးကော်မတီဝင် ဦးကံထွန်း၊
မိုးကုတ်မြို့နယ်က ကိုမင်းသူ၊ မိတ္ထီလာမြို့နယ်က ကိုတင်ကိုကိုတို့ ဖြစ်ပါတယ်။

အစိုးရက သူတို့တတွေကို ရွှေဝါရောင် တော်လှန်ရေး ဖြစ်နေချိန်မှာ ဖမ်းဆီးပြီး တရားစွဲဆိုထားတာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ လကုန်ပိုင်းက မန္တလေး အိုးဘိုထောင်တွင်း ရုံးထိုင် အောင်မြေသာဇံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

မနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ် စုံညီအစည်းအဝေးမှာ ပြောတဲ့စကားတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်း၊ ရုံးတော်ကိုတင်၊ ဒီအစည်းအဝေးမှာ ပြောဆိုချက်တွေဟာ ပြောသူမှာရော၊ နားထောင်သူမှာပါ အစိုးရကို အကြည်ညိုပျက်စေမှု ကျူးလွန်ရာရောက်တယ်လို့ စွပ်စွဲပြီး တရားစွဲခဲ့တာပါ။

မေတ္တာပို့တဲ့ သံဃာတွေကို ရေကပ်လှူတာ၊ မေတ္တာပို့သံဃာတွေနဲ့အတူ လိုက်ပါတာတွေဟာလည်း အစိုးရကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲတရားစွဲဆိုပြီး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ သူတို့ခြောက်ယောက်စလုံး စွဲဆိုခံခဲ့ရသလို တချို့ တကြိမ်စွဲဆိုခံရပြီး တချို့ပုဂ္ဂိုလ်တွေဆို လေးကြိမ် စွဲဆိုခံရပါတယ်။ ပုဒ်မတခုကို ထောင် နှစ်နှစ်နှုန်းနဲ့ ပုဒ်မတူ လေးမှုအတွက် ၈ နှစ်ချမှတ်ခံရသူတွေ ရှိကြပါတယ်။ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေကတော့ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပြကြသလို ရှေ့နေ ဦးမြင့်သွင်ကလည်း လာမယ့်သီတင်းတပတ်အတွင်းမှာ တိုင်းအဆင့် အယူခံတက်နိုင်အောင် ပြင်ဆင်နေပြီလို့ ပြောပြပါတယ်။

Sunday, November 2, 2008

news from VOA

ဒေါ်ဝင်းမြမြ တို့ကို ထောင်ချတာ ဥပဒေတွေနဲ့ မကိုက်ညီ၊ အမြန်ပြန်လွှတ်ပေးဖို့ တောင်းဆို
02 November 2008

မသင်းသီရိ - အစီအစဉ်ကိုရယူရန် (MP3) audio clip
မသင်းသီရိ - နားဆင်ရန် (MP3) audio clip

မန္တလေးအကျဉ်းထောင်က တရားရုံးမှာ အဲန်အယ်လ်ဒီ တိုင်းစည်း ဒေါ်ဝင်းမြမြ အပါအ၀င် ၅ ဦးကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အမှုဟာ တရားမျှတမှုမရှိသလို သက်သေခံ ဥပဒေပြဌာန်းချက် တွေနဲ့လည်း ကိုက်ညီခြင်းမရှိဘူးလို့ အာရှလူ့အခွင့်ရေး ကော်မရှင်က ထောက်ပြပါတယ်။

တရားရုံးတော်က သူတို့ကို နိုင်ငံတော်အကြည်အညို ပျက်စေတဲ့ အမှု အပါအ၀င် အခြားအမှု တွေနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။ အခုလို ဥပေဒေကြောင်းအရ ညီညွတ်ခြင်းမရှိဘဲ ပြစ်ဒဏ်ချခံထားရတဲ့ တရားခံတွေကိုလည်း လွတ်ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေဆီကိုလည်း မေတ္တာရပ်ခံစာ ပို့ခဲ့တယ်လို့ အာရှလူ့အခွင့်ရေး ကော်မရှင်အဖွဲ့ က ရှေ့နေ ဦးမင်းလွင်ဦး က ပြောပါတယ်။

“ပြစ်မှုဆိုင်ရာ အမှုတွေမှာ ရဲ ရေးပိုင်တဲ့အမှု၊ ရဲ ရေးမပိုင်တဲ့အမှု ဆိုပြီး ရှိပါတယ်။ အဲဒီလိုမျိုး ရဲ ရေးမပိုင်တဲ့အမှုတွေကို တရားစွဲဆိုတဲ့အခါမှာ ဦးတိုက် လျှောက်လွှာနဲ့ တရားရုံးကို ဦးတိုက်လျှောက်လွှာ ဆွဲဆိုရတာ ဖြစ်ပါတယ်။ အခု ဒေါ်ဝင်းမြမြကို စွဲဆိုထားတဲ့အမှုတွေမှာ ဥပဒေပုဒ်မ (၅၀၅/ခ) နဲ့ အရေးယူတဲ့အမှုတွေက ရဲ ရေးမပိုင်တဲ့အမှုတွေ ဖြစ်တဲ့အတွက် တရားရုံးကို လျှောက်တဲ့အခါမှာ ဦးတိုက်လျှောက်လွှာမှာ ရုံးခွန်တော် တံဆိပ်ခေါင်း ကပ်ပြီးတော့မှ အမှု စွဲဆိုရမှာ ဖြစ်တယ်။ အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ တင်သွင်းထားတဲ့ အခါမှာ တံဆိပ်ခေါင်းခွန် တောင်မပါတဲ့ ဦးတိုက်လျှောက်လွှာကို တရားရုံးက လက်ခံစဉ်းစားပြီးတော့ အမှုကို စစ်ဆေးဆုံးဖြတ်တာက လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မညီဘူး ဆိုတာကို တစ်အချက် ကျနော်တို့ ပြောချင်တာ ဖြစ်ပါတယ်။”

ဒုတိယအချက်အနေနဲ့ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေက ဒေါ်ဝင်းမြမြတို့ဟာ အမေရိကန်သံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့စဉ် ပြောဆိုဆွေးနွေးချက်တွေကို လျှို့ဝှက် အသံ ဖမ်းယူထားတဲ့ ကိစ္စ ဖြစ်ပြီးတော့ တရားရုံးတော်မှာ တရားခံတွေ အတွက် တင်ပြစွဲဆိုထားတဲ့ အသံသွင်း တိတ်ခွေဟာလည်း ပြည့်စုံခြင်းမရှိသလို ပြောဆိုချက်တွေကို လက်နှိပ်စက်နဲ့ ပြန်လည် ရိုက်တင်တဲ့ ကိစ္စတွေဟာ ဥပေဒေကြောင်းအရ ညီညွတ်ခြင်းမရှိဘူးလို့ ဦးမင်းလွင်ဦး က ထောက်ပါတယ်။

“သက်သေခံဥပဒေ ပြဌာန်းချက်မှာလည်း အသံသွင်းယူထားတဲ့ တိတ်ခွေကနေတဆင့် လက်နှိပ်စက် ရိုက်ထားတယ် ဆိုတာကို လက်ခံနိုင်တယ် ဆိုတဲ့ ဥပဒေ ပြဌာန်းချက် မရှိဘူး ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဥပဒေနဲ့ မညီဘဲနဲ့ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တင်ပြပြောဆိုပြီးတော့ ဒေါ်ဝင်းမြမြ အပါအ၀င် ၅ ဦးကို အမှုကနေ လွှတ်ပေးသင့်တယ်ဆိုတာကို ကျနော်တို့ တင်ပြတောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဟုတ်ကဲ့။ အခု ဦးမင်းလွင်ဦးတို့ ဥပေဒကြောင်းအရ ထောက်ပြသလိုမျိုး အခု ဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ကြတဲ့ အမှုသည်တွေရဲ့ ဥပေဒေ အကျိုးဆောင်တွေက တရားရုံးတော်မှာ ပြန်လည် လျှောက်ထား တင်ပြတာမျိုးတွေ မလုပ်ဘူးလားရှင့်။ -

“ပြည်တွင်းမှာ လိုက်ပါ ဆောင်ရွက်တဲ့ အကျိုးဆောင်တွေ၊ တရားရုံးချုပ် ရှေ့နေတွေကလည်း ဒီကိစ္စကို အထူးတလည် တင်ပြပြီးတော့ တရားရုံးမှာ လျှောက်လွှဲချက် ပေးခဲ့တယ် ဆိုတာကို ကျနော်တို့ တွေ့ရှိရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် ဒေါ်ဝင်းမြမြ တို့ကို ဖမ်းဆီးအရေးယူထားတဲ့ကိစ္စတွေမှာ စွဲဆိုထားတဲ့ အမှုကိစ္စတွေ အားလုံးကို တပေါင်းတည်း အပြစ်ပေးရမယ်။ နောက်ပြီးတော့ စွဲဆိုထားတဲ့ ရက်တွေက လွှဲမှားနေတယ်၊ ဒါတွေကို ပြင်ဆင်သင့်တယ် ဆိုတာကို ပြည်တွင်းက တရားရုံးချုပ် ရှေ့နေတွေ၊ အကျိုးဆောင်တွေကလည်း တင်ပြပြောဆိုထားတာကို ကျနော်တို့ ကြားသိရပါတယ်။ အဲဒီလို ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်း မရှိတဲ့အတွက်လည်း သက်ဆိုင်ရာ တရားရုံး အဆင့်ဆင့်ကို အယူခံပြင်ဆင်မှု အဲဒါတွေ တက်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ် ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့။ အခုလို တရားခံတွေရဲ့ ဥပေဒေ အကျိုးဆောင်တွေတောင်မှ မြန်မာပြည် တရားစီရင်ရေး စံနစ်မှာ တရား ဥပေဒကြောင်းအရ အလုပ်လုပ်ကိုင်ရတာ အခက်အခဲ ရှိတယ်ဆိုရင် အခုလို ပြင်ပ ဥပေဒေနဲ့ လူ့အခွင့်ရေး အဖွဲ့အစည်း တွေရဲ့ တောင်းဆိုချက်မျိုးကို မြန်မာအာဏာပိုင်တွေ အနေနဲ့ စဉ်းစားလိုက်တောတာမျိုးတွေ ရှိနိုင်ပါ့မလားရှင့်။ -

“တရားဥပဒေမှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ၊ ဥပဒေအတိုင်း မစီရင် မဆောင်ရွက်တဲ့ ကိစ္စတွေကို ကျနော်တို့ တော်တော်များများ ပြောဆိုဆောင်ရွက်နေတာတွေ ရှိပါတယ်။ အာဏာရ အစိုးရ အနေနဲ့ စစ်ခေါင်းဆောင်တွေ အနေနဲ့ တချို့ ပြင်ဆင်ခဲ့တာတွေ ရှိတယ်။ လိုက်လျောခဲ့တာတွေ ရှိတယ်။ တချို့ ကိစ္စရပ်တွေမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်တယ် ဆိုတဲ့အတွက် ကျနော်တို့ကလည်း နိုင်ငံတကာမှာ ရှိတဲ့ ဒီ မြန်မာပြည်တွင်းက လွတ်လပ်တဲ့ တရားစီရင်ရေး စံနစ်ကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း၊ နောက်ပြီးတော့ ကုလသမဂ္ဂ လက်အောက်ခံ လွတ်လပ်တဲ့ ရှေ့နေများ နဲ့ တရားစီရင်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို စောင့်ကြည့်နေတဲ့ အဖွဲ့အစည်း အသီးသီးကို ကျနော်တို့ ပေးပို့ထားပြီးတော့ ဆက်လက် ဆောင်ရွက်နေပါတယ်။ ဒါကတော့ အလွယ်တကူတော့ ဒီနေ့တင်ပြလို့ မနက်ဖြန်မှာ ဖြစ်လာနိုင်တဲ့ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ကျနော်တို့ အချိန်နည်းနည်း ယူရမှာပါ။”

ဒါကတော့ အာရှလူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ် မေးမြန်းခဲ့တာပါ။ မန္တလေး အကျဉ်းထောင် တရားရုံးကတော့ ပြစ်မှုထင်ရှားတယ် ဆိုပြီး အဲန်အယ်လ်ဒီ မန္တလေးတိုင်းစည်း ဒေါ်ဝင်းမြမြ ကို ထောင်ဒဏ် ၁၂ နှစ်၊ ဦးကံထူး တိုင်းစည်း အတွင်းရေးမှူးကို ထောင်ဒဏ် ၁၂ နှစ်၊ ဦးသန်းလွင် တိုင်း ဒု-ဥက္ကဌ ကိုလည်း ထောင်ဒဏ် ၈ နှစ်၊ ကိုမင်းသူ မိုးကုတ်မြို့နယ် လူငယ်စည်း ကို ထောင်ဒဏ် ၁၃ နှစ်၊ ကိုဝင်းရွှေ ကျောက်ပန်းတောင်းမြို့နယ် လူငယ် တိုင်းစည်းကို ထောင်ဒဏ် ၁၁ နှစ်၊ မန္တလေးတိုင်း မိတ္ထီလာ မြို့နယ်က ကိုတင်ကိုကို ကို ထောင်ဒဏ် ၂ နှစ်စီ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Friday, October 24, 2008

news from irrawaddy

မန္တလေးတိုင်း အန်အယ်လ်ဒီ ပါတီဝင်များကို ထောင်ဒဏ်ချမှတ်
ကိုသက် Friday, October 24, 2008

မန္တလေးတိုင်းမှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် ဒေါ်ဝင်းမြမြ၊ ဦးသန်းလွင်၊ ဦးတင်ကိုကို၊ ဦးမင်းသူ၊ ဦးဝင်းရွှေနှင့် ဦးကံထွန်းတို့ကို ယနေ့နံနက်ပိုင်းက ထောင်ဒဏ် အသီးသီးချမှတ်

လိုက်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အတည်ပြုပြောဆိုသည်။

စစ်အစိုးရက မန္တလေးတိုင်း အတွင်းရေးမှူး ဦးကံထွန်းနှင့် စည်းရုံးရေးကော်မတီဝင် ဒေါ်ဝင်းမြမြကို ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ပြီး မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ကို ၈ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးမင်းသူအား ထောင်ဒဏ် ၁၃ နှစ်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဦးဝင်းရွှေအား ထောင်ဒဏ် ၁၁ နှစ်၊ မတ္ထီလာမြို့နယ်မှ ဦးတင်ကိုကိုအား ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ အန်အယ်လ်ဒီ ပါတီဝင်များ အပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ၎င်းတို့သည် မည်သည့် အပြစ်ကိုမျှ ကျူးလွန်ခြင်းမရှိသဖြင့် အပြစ်ဒဏ်ချမှတ်ခြင်းသည် တရားမျှတမှုမရှိကြောင်း ပြောဆိုသည်။

အဆိုပါ အန်အယ်လ်ဒီ အဖွဲ့ဝင်များကို စစ်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်းက ဖမ်းဆီးခဲ့ပြီး အစည်းအဝေးပြုလုပ်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။

၎င်းတို့အား ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ၁၅၃ (က) တို့ဖြင့်တရားစွဲဆိုကာ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

နိုင်ငံခြားသံတမန်နှင့် တွေ့ဆုံသည့်အတွက် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရခြင်းဖြစ်ပြီး အစည်းအဝေးပွဲက ချမှတ်သည့် ဆုံးဖြတ်ချက်များကြောင့် ပုဒ်မ ၁၅၃ (က) ဖြင့်တရားစွဲခံရခြင်းဖြစ်သည်ဟု အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။
အဆိုပါအစည်းအဝေးပွဲ၏ ဆုံးဖြတ်ချက်များတွင် နအဖအဖွဲ့က အန်အယ်လ်ဒီ ပါတီနှင့် တွေ့ဆုံဆွေးနွေးရန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နင်းမှုများ မလုပ်ရန်တို့ ပါဝင်သည်။

Tuesday, October 21, 2008

DVB news

မန္တလေး အဖွဲ့ချုပ် ဝင်တွေ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ
ဒီမိုကရက်တစ် မြန်မာ့အသံ -၂ဝဝ၈ ၊ ၁ဝ ၊ ၂၁

သောတရှင်များရှင် - အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေးကော်မတီ ဒေါ်ဝင်းမြမြအပါအဝင် ခြောက်ဦးကို မန္တလေးအိုးဘို ထောင်တွင်းတရားရုံးက နှစ်ရှည် ထောင်ဒဏ် တွေအသီးသီးချမှတ်လိုက်ပါတယ်။ ဒီအကြောင်းကို ကိုအေးနိုင်က ပြောပြ ပေးပါလား။ ဟုတ်ပါတယ်။

သူတို့တွေဟာ တိုင်းစည်း ကော်မတီဝင်သုံးဦးနဲ့ တိုင်းလူငယ်စည်း ကော်မ တီဝင် သုံးဦးဖြစ်ပါတယ်။ သူတို့တွေကတော့
အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေး ကော်မတီ ဝင် ဒေါ်ဝင်းမြမြ၊
အဖွဲ့ချုပ် မန္တလေးတိုင်း ဒုဥက္ကဌ-ဦးသန်းလွင်၊
စည်းရုံးရေးကော်မတီဝင် ဦးကံထွန်း၊
မိုးကုတ်မြို့နယ်က ကိုမင်းသူ၊
မိတ္တီ လာ မြို့နယ်က ကိုတင်ကိုကို တို့ကို ဒီကနေ့ မနက် ဆယ်နာရီခွဲခန့်မှာ အိုးဘိုထောင်တွင်း တရားရုံးတခုမှာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်စီရင်သူကတော့ မန္တလေးတိုင်း၊ အောင်မြေသာ ဇံမြို့နယ် တရားသူကြီး ဒေါ်ဘေဘီဖြစ်ပါတယ်။

ဒီကနေ့တရားရုံးစီရင်ချက်ကို သူတို့ခြောက် ဦးရဲ့ အမှုလိုက်ရှေ့နေ ဦးမြင့်သွင်က ခုလိုပြော ပြပါတယ်။

“ဒီခြောက်ယောက်ဟာ မနှစ် စက်တင်ဘာလကုန်ပိုင်းက ဖမ်းဆီးခံရပြီး ဒီနှစ် သြဂုတ် လကုန်ပိုင်းမှာ စတင်ရုံးထုတ်ခဲ့ပြီး သောကြာနေ့နဲ့တနင်္လာနေ့တိုင်း မန္တလေးအိုးဘိုထောင် တွင်းက ဓမ္မာရုံမှာ ရုံးချိန်း ၁၇ ချိန်းကို စစ်ဆေးခဲ့ပါတယ်။ ဒီကနေ့ ၁၈ ချိန်းမြောက်မှာတော့ အဲဒီ ဓမ္မာရုံမှာ ထောင်တွင်း သင်တန်း ကျောင်းဝင်းတခုထဲက ဓမ္မာရုံထဲကို ပြောင်းရွှေ›ပြီး လုံခြုံ ရေးအစောင့်အကျပ် ထူထပ်စွာနဲ့ စီရင်ချက်ချခဲ့တာပါ”

“ပြစ်ဒဏ်အများဆုံးဖြစ်တဲ့ ကိုမင်းသူက မန္တလေးတိုင်း မြို့နယ်သုံးဆယ် စုံညီအစည်းအဝေး မှာပြောတဲ့စကားတွေဟာ အစိုးရပေါ် အကြည်ညိုပျက်စေတယ်ဆိုပြီး ၂- နှစ်။ မိုးကုတ်က သံဃာတွေ မေတ္တာပို့သစီတန်း လှည့်လှည်ရာမှာ ကိုမင်းသူက ရေကပ်လှူတယ်၊ သံဃာ တွေကို ဆိုင်ကယ်နဲ့ပို့ တယ်ဆိုပြီးတော့ ၂- နှစ်။ အဲဒီသံဃာတွေ စီတန်းလှည့် လည်တဲ့ နေရာမှာ ကိုမင်းသူပါဝင်တယ်-ဒါဟာ အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုပြီး ၂-နှစ်”

“နောက် သံဃာတွေစုဝေးစဉ် လူစုခွဲတဲ့အခါ မထွက်ဘူးဆိုပြီးတော့ ၂ နှစ်။ သံဃာတွေ သံဃပတ္တနိက္ကုဇန ကံဆောင်ရာမှာ ကြည့်သူတွေက လုံခြုံရေးတွေကို ခဲနဲ့ပေါက်တဲ့ ရုန်းရင်း ဆန်ခတ်ဖြစ်အောင်လုပ်ရာမှာ ပါဝင်တယ်ဆိုပြီးတော့ ၂ နှစ်နဲ့ အဲဒီမှာပါတဲ့ ပြည်သူ့ဝန် ထမ်းတွေကို လက်ရောက် ကျူးလွန်တယ်ဆိုပြီး ပုဒ်မ ၁၅၂ နဲ့ သုံးနှစ်ချပါတယ်။ စုစုပေါင်း ၁၃ နှစ်ဖြစ်ပါတယ်”

“အဖွဲ့ချုပ် မန္တလေးတိုင်း ဒုဥက္ကဌလည်းဖြစ် မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လည်းဖြစ်တဲ့ ဦးသန်းလွင်ကိုတော့ မြို့နယ် ၃ဝ အစည်းအဝေးပွဲမှာ ကိုမင်းသူပြောတဲ့ စကားတွေကို နားထောင်ခြင်းဟာ အစိုးရကို အကြည်ညိုပျက်အောင်လုပ်တဲ့ထဲမှာ ပါတယ် ဆိုပြီး ထောင် ၂ နှစ်ချပါတယ်”

“ဦးသန်းလွင် အစည်းအဝေးမှာ ပြောတဲ့စကားတွေဟာ အစိုး ရကို အကြည်ညိုပျက်စေတယ်ဆိုပြီး နောက်ထပ် ထောင် ၂ နှစ်၊ အမှုတခုထဲမှာပဲ ဦး သန်းလွင်က လူတစားနဲ့တစား၊ တဖွဲ့နဲ့တဖွဲ့ကို အကြည်ညိုပျက်စေတယ်။ မလိုမုန်း ထား ဖြစ်စေတယ်-မသမာတဲ့စိတ်နဲ့ ပြောဆိုသုံးနှုန်းတယ်ဆိုပြီး ထောင် ၂ နှစ်စီ ချတာကြောင့် စုစုပေါင်း ၈ နှစ် ချမှတ်ခံရပါတယ်”

“ဦးကံထွန်းကိုလည်း အစိုးရကို အကြည်ညိုပျက်စေတယ်ဆိုပြီး အမှုတူလေးမှု စွဲထားရာမှာ တခုချင်းစီအတွက် သီးခြားစီ ၂ နှစ်ချတဲ့အတွက် ၈ နှစ်ချမှတ်ပါတယ်။ ပုဒ်မ ၁၅၃ က နဲ့ နှစ်မှုစွဲထားတာမှာ တခုချင်းစီအတွက် ၂ နှစ်စီ သီးခြား ကျခံဖို့ အမိန့်ချတဲ့ အတွက် လေး နှစ်ချပါတယ်။ ဒေါ်ဝင်းမြမြကိုလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ လေးမှုစွဲဆိုပြီး တခုချင်းစီအတွက် ၂ နှစ်စီ သီးခြားကျစီချတဲ့အတွက် ၈ နှစ် ချမှတ်ပါတယ်။ နောက် ၁၅၃ က နဲ့ နှစ်မှုစွဲဆို တဲ့အပေါ် တမှုကို ၂ နှစ်စီ သီးခြားကျခံစေတဲ့အတွက် လေးနှစ်ဖြစ်ပါတယ်။ စုစုပေါင်း ၁၂ နှစ်ဖြစ်ပါတယ်”

“ကျောက်ပန်းတောင်းက အဖွဲ့ချုပ် လူငယ် ကိုဝင်းရွှေကိုတော့ ကျောက်ပန်း တောင်းမှာ သံဃာတော်တွေ ကံဆောင်ပြီးမေတ္တာပို့သ စီတန်းရာမှာ ဘေးမှာတွေ့တယ် ဓာတ်ပုံထဲမှာ တွေ့တယ်ဆိုပြီး ၂၉၅- ကနဲ့က ၂ -နှစ်၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ၂ - နှစ်၊ စုစု ပေါင်း လေးနှစ်ချမှတ်ခံရပါတယ်”

“ကျောက်ပန်းတောင်းမြို့သံဃာတွေ မေတ္တာပို့သပွဲနဲ့ စပ် လျဉ်းပြီး ပုဒ်မ ၁၄၅ နဲ့က ၂ နှစ်၊ ပုဒ်မ ၁၄၇ နဲ့က ၂ နှစ် ပုဒ်မ ၁၅၂ နဲ့က သုံးနှစ် သီးခြားစီချမှတ်ခဲ့ပါတယ်။ စုစုပေါင်း ကိုဝင်းရွေက စုစုပေါင်း ၁၁ နှစ်ချမှတ်ခံရပါတယ်”

“မိတ္တီလာမြို့နယ်က ကိုတင်ကိုကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ တခုတည်း နဲ့ထောင် ၂ - နှစ် ချမှတ်ခံရပါတယ်”

သူ့အမှုသည်တွေအတွက် အယူခံတင်သွားမယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။

Saturday, February 9, 2008

DVB news

ဒေါ်ဝင်းမြမြအပါအဝင် စက်တင်ဘာ၌ အဖမ်းခံရသူများအား တရားရုံးထုတ်
အေးနိုင်၊ ဝ၂ ဝ၉ ဝ၈ DVB

စစ်အစိုးရကဖမ်းဆီးပြီး မန္တလေးအိုးဘိုထောင်မှာ ချုပ် နှောင် တရားစွဲထားတဲ့ အမျိုးသား ဒီမိုကရေ စီအ ဖွဲ့ချုပ် ဝင် ၆ ဦးကို ထောင်ဝင်း တရားရုံးမှာ မနေ့ ရုံးထုတ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

“မနေ့က ချိန်းတယ်။ လာမယ့်သောကြာချိန်းတယ်။ လေးပတ်ရှိသွားပြီ”လို့ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ရဲ့ဇနီး ဒေါ်ခင်သီက ပြောပါတယ်။

“ထောင်ထဲမှာပဲ စစ်တယ်။ ကျမတို့က နားလည်းမထောင်ရဘူး၊ သိလည်းမသိရဘူး။ ရှေ့နေ တွေပဲ ပြောပြတာပေါ့လေ။ သူတို့စွဲထားတဲ့အမှုနဲ့ပတ်သက်လို့ ရှေ့နေတွေက ချေပတာလေးတွေ ပြော ပြတယ်။”

အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါ်ဝင်းမြမြနဲ့ ဦးကံထွန်း၊ မိုးကုတ်မြို့ က ကိုမင်းသူ၊ မတ္တရာက လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ ကျောက်ပန်းတောင်းမြို့က ကိုဝင်း ဆွေနဲ့ မိတ္တီလာမြို့နယ်က ကိုတင်ကိုကိုတို့ဖြစ်ပါတယ်။

သူတို့ကို မနှစ် စက်က်တင်ဘာ ဆန္ဒပြပွဲကာလအတွင်း ဖမ်းဆီးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လ ၂၂ ရက်မှာ ပထမဆုံးအကြိမ် ရုံးစထုတ်ပါတယ်။ အာဏာပိုင်တွေက သူတို့ကို ပုဒ်မ ၅ဝ၅(ခ) ပုဒ်မ ၁၅၃(က) စတဲ့ဥပဒေပုဒ်မတွေနဲ့ တရားစွဲ ထားပြီး အခုအကြိမ်အပါအဝင် တရားရုံးထုတ်တာ ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။

မန္တလေးတိုင်းမှ အဖွဲ့ချုပ် ဝင်များ အမှု ထောင်တွင်း အထူးတရားရုံး၌ စစ်ဆေး
အေးနိုင်၊ ၁၆ စက်တင်ဘာ ၂ဝဝ၈

မိုးကုတ်မြို့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင် ကိုမင်းသူအပေါ် စွဲဆိုထားတဲ့အမှုကို ပြီးခဲ့တဲ့တနင်္လာ နေ့က မန္တလေး အိုဘိုထောင်ဝင်း အထူးခုံရုံးမှာ စစ်ဆေးရာ တရားလိုပြသက်သေအဖြစ် မြို့နယ် မယကဥက္ကဋ္ဌကို စစ်ဆေးတယ်လို့ စွပ်စွဲခံရသူတွေရဲ့ရှေ့နေက ပြောပါတယ်။

ကိုမင်းသူကို ပုဒ်မ ၂၉၅(က) – ဘာသာရေး ထိပါးစော်ကားမှု၊ ၅ဝ၅(ခ) - အစိုးရ သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုတို့နဲ့ တရားစွဲ စစ်ဆေးရာမှာ မယကဥက္ကဋ္ဌက လာရောက် သက်သေခံတယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

မနှစ်က လောင်စာဆီဈေးချရေး ဆန္ဒပြကာလမှာ ကိုမင်းသူက အထက်ပါအမှုမျိုး ကျူးလွန်တဲ့ သာဓက လုပ်ဖူးတာ မြင်ပါသလားလို့ ကိုမင်းသူတို့ဘက်က ပြန်လှန်မေးခွန်းထုတ်ခွင့်ရတယ်လို့ ဦးမြင့် သွင်က ပြောပါတယ်။

ဆန္ဒပြသူများကို အာဏာပိုင်များက ဥပဒေအတိုင်း တားမြစ်ခြင်းဟုတ်မဟုတ် မေးခွင့်ရတဲ့အ ပြင်၊ အာဏာပိုင်များကို ကိုမင်းသူက ရုန်းရင်းဆန်ခတ် တုံ့ပြန်မှု မကျူးလွန်တာကို မေးမြန်းချေပခွင့်ရ ပါတယ်လို့လည်း ပြောပါတယ်။

ကိုမင်းသူအပေါ် အမှု ၂ ခုနဲ့ သီးခြားစီ တရားစွဲထားတဲ့အပြင် အမှုတွဲတခုမှာလည်း တွဲပြီးစွဲ ထားပါတယ်။

အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြအပါအဝင် ၆ ယောက်ကို တရားစွဲ ထားတဲ့ အမှုတွဲအတွက် တပတ်ကို တနင်္လာနဲ့ သောကြာ ၂ ရက် သတ်မှတ်ပြီး စစ်ဆေးနေပါတယ်။ ဒီအမှုတွဲမှာ ဦးသန်းလွင်(အဖွဲ့ချုပ် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ)၊ ဦးကံထွန်း၊ ကိုတင်ကို၊ ကိုဝင်း ဆွေ(ကျောက်ပန်းတောင်း) နဲ့ ကိုမင်းသူတို့ ပါဝင်ပါတယ်။ ဒေါ်ဝင်းမြမြနဲ့ ဦးသန်းလွင်က ၄ မှုစီ၊ ဦးကံ ထွန်းက ၃ မှု တရားစွဲခံနေရပါတယ်။

မနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ် ၃ဝ အစည်းအဝေးကို အာဏာ ပိုင်တွေက ခိုးဝှက်အသံဖမ်း၊ ဗွီဒီယိုရိုက်ထားတာတွေကို တနင်္လာနေ့ တရားခွင်မှာ ဖွင့်ပြတာ ကြည့်ရှု နားထောင်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါတွေဟာ တဆင့်ကြား သက်သေခံချက်တွေဖြစ်တဲ့အတွက် သက်သေခံမဝင်ဘူးဆိုတဲ့ကိစ္စကို တရားလိုပြသက်သေတွေကို ထောက်ပြမေးမြန်းခွင့်ရလိုက်တယ်၊ တရားလိုသက်သေတွေ တင်ပြတာ တာတွေဟာ ပါတီတွင်း ပုဂ္ဂိုလ်ရေးစကားတွေသာ ဖြစ်တဲ့အတွက် အစိုးရကို အကြည်ညိုပျက်စေတာ မဟုတ်ဘူးဆိုတာကို မေးမြန်းချေပခွင့်ရတယ်လို့ ဆိုပါတယ်။

တနင်္လာနေ့က ရုံးချိန်းဟာ သူတို့ကို ၈ ကြိမ်မြောက်စစ်ဆေးမှုဖြစ်ပြီး မနက် ၁ဝ နာရီကနေ ညနေ ၅ နာရီထိ စစ်ဆေးပါတယ်။

တပတ်ကို ရုံးချိန်းနှစ်ချိန်း ဆင့်ခေါ်စစ်နေတဲ့အတွက် တရားရေးဝန်ထမ်းတွေရော၊ ရှေ့နေတွေပါ အလုပ်အကိုင်ပျက် ပင်ပန်းကြရတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။