တနင်္ဂနွေ သတင်းအစီအစဉ်
ဒီပဲယင်း ၆ နှစ်ပြည့်၊ စစ်အစိုးရနှင့် နိုင်ငံတကာခုံရုံးတင်ရေး
ထက်အောင်ကျော် ၃၁ မေ ၂ဝဝ၉ -
မနေ့က ကျရောက်ခဲ့တဲ့ မေ ၃ဝ ရက်နေ့ဟာ ဒီပဲယင်း အရေးအခင်း ၆ နှစ် တင်းတင်းပြည့်တဲ့နေ့၊ အင်းစိန်ထောင်မှာ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးခြင်း ၆ နှစ် တင်းတင်းပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၆ နှစ်ကြာသွားပေမယ့် ဒီဖြစ်စဉ်မှာ တာဝန်ရှိသူတွေကို အခုထိ စုံစမ်း ဖော်ထုတ်တာ၊ အရေးယူ ဆောင်ရွက်တာ ဘာမှ မတွေ့ရသေးတဲ့ အပြင် ရိုက်နှက်ခံရသူတွေကိုသာ ဖမ်းဆီးထောင်ချ၊ ပုဒ်မ ထပ်တိုးပြီး ထပ်ဖမ်းနိုင်ဖို့ ကြိုးစားနေတာကိုသာ တွေ့နေရပါတယ်။ ဒီလိုဖြစ်နေတာဟာ မြန်မာနိုင်ငံမှာ တရားဥပေဒစိုးမိုးမှု မရှိတော့ဘူး ဆိုတဲ့ သဘောများ ဖြစ်လာနေပြီလား၊ ရှေ့နေဦးသိန်းညွန့် ပြေmသလို သေနတ်တွေကြား အိပ်ပျော်နေတဲ့ဥပဒေ ၆ နှစ် ကြာတဲ့အထိ ပြန်လည် နိုးထနိုင်စွမ်း မရှိသေးဘူးလား၊ တရားဥပဒေ စိုးမိုးရေး ရှေ့အလားလာနဲ့ တာဝန်ရှိသူတွေကို ခုံရုံးတင် အရေး ယူနိုင်မယ့် အခြေအနေ ရှိသေးရဲ့လားလို့ ပြောရမလို ဖြစ်နေပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ် မေ ၃ဝ ရက်နေ့ညမှာ စွမ်းအားရှင်တွေ ရိုက်နှက်မှုကို ခံခဲ့ရပြီး လက်ကျိုး၊ ခေါင်းကွဲတဲ့အထိ ဒဏ်ရာခဲ့သူ၊ အဲဒီနောက် မုံရွာစစ်ဆေးရုံမှာ ၆ လကျော် ဖမ်းဆီးခံခဲ့ရသူ၊ အခု ၆ နှစ်ကြာပြီးတဲ့အခါမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ ကန့်ကွက်မှု အကြောင်းပြချက် အသစ်နဲ့ ထပ်မံ ဖမ်းဆီးခံရပြီး မြစ်ကြီးနားထောင် အပို့ခံထားရသူ မန္တလေးမြို့မှ အင်အယ်လ်ဒီ တိုင်းစည်းရုံးရေးမှုး ဒေါ်ဝင်းမြမြက ဒီပဲယင်းအရေးနဲ့ ပတ်သက်ပြီး ပြောဖူးပါတယ်။
“ပထမဦးဆုံး ရိုက်တာကတော့ ပြည်ရွာသားတွေကို အရင် ရိုက်တာပဲ။ ပြီးမှ ကားတန်းကြီး ခံရတာ။ ရိုက်တာတွေကလည်း သန်သန် မြန်မြန်၊ လူကောင်းကြီးတွေ။ တုတ်တွေ ဓားတွေ၊ သံချွန်တွေလည်း ပါတဲ့ အနေအထားမှာ ရှိတယ်။ ရာဇဝတ်မှု၊ ဒုစရိုက်မှုကြီး ကျူးလွန်ထားတဲ့ ဒုစရိုက်သမားတွေကို အမြန်ဆုံး ဖော်ထုတ်ပြီး အရေး မယူရင် ဒီတိုင်းပြည်ဟာ လူမိုက်ရမ်းကားလို့ရတဲ့ တိုင်းပြည်တပြည်ဆိုပြီး ကမ္ဘာကလည်း မြင်မယ်။ ပြည်သူ လူထုကလည်း ကိုယ့်ရဲ့ဘဝအာမခံချက် မလုံခြုံဘူးဆိုပြီး စိုးတထိတ်ထိတ်နဲ့ နေရတဲ့ အနေအထားမှာ ရှိနေပါတယ်လို့ပဲ ပြောချင်ပါတယ်”
ဒီအရေးခင်းမှာ တာဝန်ရှိသူတွေကို ချက်ချင်းအရေးယူပေးဖို့ ပြည်တွင်းပြည်ပ အင်အားစု အားလုံးက တောင်းဆိုခဲ့ပေမယ့် အခုအချိန်အထိ ဘာမှ အရေးယူဆောင်ရွက်တာ မရှိသေးပါဘူး။ ဒီလို အရေးယူဖို့ မလုပ်တာဟာ သေနတ်တွေကြားမှာ ဥပဒေ အိပ်ပျော်နေလို့လားလို့ ၂ဝဝ၃ ဒီပဲယင်း အရေးအခင်း ဖြစ်ပြီးကာစမှာ မေးခွန်းထုတ်ခဲ့သူကတော့ ရှေ့နေ ဦးသိန်းညွန့် ဖြစ်ပါတယ်။
“ဖြစ်ရပ်မှန်ကို တိုင်းပြည်က ပြည့်ပြည့်စုံစုံ မသိရသေးတာဟာ ဗမာပြည်ရဲ့ တရားမျှတမှု အဆင့်တန်းကို ဖော်ပြတာပဲ။ ဒီပဲယင်း ပြဿနာဟာ တရား မမျှတမှု ပြဿနာပဲ။ ဒီထက် တဆင့်ပြောရင် တရားဥပဒေပြဿနာ။ နိုင်ငံတစ်နိုင်ငံက တရားကို မတရားသဖြင့် ဆုံးဖြတ်ရင် မတရားတာကို တရားသဖြင့်ဆုံးဖြတ်ရင် အဲဒီနိုင်ငံဟာ ပျက်စီးမှုကို ကျရောက်စေတယ် ဆိုပြီးတော့ တရားဝန်ကြီးချုပ် တယောက်က ပြောကြားခဲ့ဖူးတဲ့စကား။ အဲဒီစကားက ခုချိန်မှာ အများကြီး အဓိပ္ပာယ် သက်ရောက်လာတာ ရှိတယ်။ နိုင်ငံတကာ အစိုးရများကရော၊ တရားဥပဒေကို လေးစား ယုံကြည်တဲ့ အဖွဲ့အစည်း အားလုံးကရော နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်း ဆောင်ရွက်သင့်တယ်။ ဒါမှမဟုတ်ရင်တော့ သေနတ်တွေကြားထဲမှာ ဥပဒေဟာ အိပ်ပျော်နေတယ်ဆိုတဲ့ အခြေအနေမျိုး ရောက်သွားမှာပဲ ဖြစ်တယ်လို့ ယူဆပါတယ်။”
ဥပဒေ ပြန်လည် နိုးထလာခြင်း မရှိသေးတဲ့အပြင် ဦးသိန်းညွန့်ကိုယ်တိုင် ချောင်းအရိုက်ခံရတာ၊ ရှေ့နေလိုင်စင် အသိမ်းခံရတာတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ဥပဒေ စိုးမိုးရေး၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေးဆိုတာဟာ မြန်မာနိုင်ငံမှာ ဖြစ်နိုင်ခြေရှိပါသေးရဲ့လား၊ ဒီပဲယင်းဖြစ်စဉ်မှာ တာဝန်ရှိသူတွေကို နိုင်ငံတကာခုံရုံးတင် အရေးယူနိုင်ဖို့ ၆ နှစ်လုံးလုံး ကြိုးပမ်းနေသူ မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ဦးအောင်ထူးက သူ့အမြင်ကို ပြောပါတယ်။
“အဲတော့ကျနော်တို့ အိုင်စီစီကို လွှတ်လာတဲ့အခါကျတော့ ဒီကုလသမဂ္ဂလုံခြုံရေး ကောင်စီကနေပြီးတော့ မြန်မာပြည်ရဲ့ အခြေအနေကို အိုင်စီစီ လွှဲပြောင်းရေးကိစ္စမှာ ကြီး ၅ ကြီးထဲမှာ တရုတ်နဲ့ ရုရှား ကန့်ကွက် လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်၊ ထောက်ပြချက်တွေက အမြဲတမ်း အားကောင်းကောင်းရှိတယ်။ ဒါကို ကျနော်တို့လက်ခံပါတယ်၊ မငြင်းပါဘူး။ တရုတ်ပြည်ကို ပြန်ကြည့်တဲ့ခါကျတော့ နိုင်ငံတစ်ခုကို အရေးယူ ဆောင်ရွက်ဖို့ မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ ဒီသက်ဆိုင်ရာနိုင်ငံထဲမှာ ပြစ်မှုကြီးတွေဖြစ်ပွားနေပြီ၊ အဲဒီပြစ်မှုကြီးကို နိုင်ငံတကာဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ လိုအပ်လာတယ်လို့ ဆိုတဲ့အခါတိုင်းမှာ တရုတ်ပြည်ဟာ ကန့်ကွက်လေ့ မရှိဘူး ဆိုတာ ကျနော်တို့ သတင်းကြားရတယ်။ နောက် ဒုတိယတခုက ဗမာပြည်အခြေအနေကို နိုင်ငံတကာက အရေးယူဆောင်ရွက်အောင် ကြိုးစားတဲ့အခါကျတော့လည်းပဲ ပြည်တွင်းနိုင်ငံရေး အခြေအနေထက် ပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံတကာ အဆင့်ရှိတဲ့ ပြစ်မှုကြီးတွေ ဖြစ်ပွားနေပါပြီ ဆိုတာကို မီးမောင်းထိုး ချည်းကပ်ခြင်းသည်သာလျှင် လက်တွေ့ ကျပြီးတော့ အိမ်နားနီးချင်း နိုင်ငံတွေရော၊ နိုင်ငံတကာ ဥပဒေအရရော လက်တွေ့ ကျတာဖြစ်တယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နိုင်ငံရေး အခြေခံကနေ အကြီးအကျယ် စဉ်းစားလာတဲ့ ဥပဒေစိုးမိုးရေးကို အခြေခံ စဉ်းစားစေချင်တယ်။ ဆိုလိုချင်တာက နိုင်ငံတကာ အဆင့် ရှိတဲ့ ပြစ်မှုကြီးတွေ ကျူးလွန်တဲ့သူတွေကို အရေးကို ယူမှရမယ်။”
ဒီပြောဆိုချက်ဟာ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူတွေ ၆ နှစ်လုံးလုံး ပြောနေကျ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် အခုလပိုင်း၊ ရက်ပိုင်း အတွင်းမှာ နိုင်ငံတကာ ခုံရုံးတင်ရေး ဆိုတာကို စစ်အစိုးရဘက်က အထူးသဖြင့် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက အတော်လေး တုန်လှုပ် ခြောက်ခြားနေတယ်လို့ သတင်းအခိုင်အမာ ရရှိထားပါတယ်။
ဦးအောင်ထူးပါဝင်တဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီကို မတရား အသင်းအဖြစ် ကြေညာလိုက်တဲ့အပြင် အဲဒီအဖွဲ့က ကျင်းပတဲ့ ဆီမီနာကို တားဆီးပြီး အဖွဲဝင်တွေကို ဖမ်းဆီးဖို့ ကြိုးစားတာ၊ နောက် သူတို့ကို ခုံရုံး တင်နိုင်ရေး အတွက် လှုပ်ရှားသူတွေကိုလည်း ရတဲ့နည်းနဲ့ တားဆီးဖို့ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ ကိုယ်တိုင်က အမိန့်ထုတ်ထားတယ် ဆိုပြီး သတင်းတွေ အခိုင် အမာ ရရှိထားပါတယ်။
ဒီပဲယင်း အရေးအခင်းမှာ တာဝန်ရှိသူတွေကို နိုင်ငံတကာ ခုံရုံးတင်ဖို့ ကြိုးပမ်းနေသူ ရှေ့နေဦးအောင်ထူးနဲ့ တကယ်လို့သာ အဲဒီလို တင်မယ်ဆိုရင် ကိုယ်တိုင် သက်သေထွက်ပေးမယ်လို့ ပြောသူ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွတ်တို့ ပြောတဲ့ နိုင်ငံတကာ ခုံရုံးတင်ရေး ကိစ္စတွေကို အသံဖိုင်မှာ နားထောင်နိုင်ပါတယ်။
Sunday, May 31, 2009
Subscribe to:
Comments (Atom)
