ဒေါ်ဝင်းမြမြအပါအဝင် ၆ ဦးအမှု အယူခံကို တိုင်းတရားရုံးက ပယ်ချ
၂ ဒီဇင်ဘာ ၂ဝဝ၈ နန်းခမ်းကယောက် ဒီဗွီဘီ၊
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း စည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြ အပါအဝင် ၆ ဦးရဲ့ အယူခံကို မန္တလေးတိုင်း တရားရုံးက ဒီနေ့မှာ အကျဉ်းနည်းနဲ့ ပယ်ချလိုက်တယ် လို့ အကျိုး ဆောင်ရှေ့ နေ ဦးမြင့်သွင်က ပြောပါတယ်။ အယူခံ အပယ်ခံရသူတွေကတော့ ဒေါ်ဝင်းမြမြ အပါအဝင်
အဖွဲ့ချုပ် မန္တလေးတိုင်း ဒု-ဥက္ကဋ္ဌ ဦး သန်းလွင်၊
စည်းရုံးရေးကော်မတီဝင် ဦးကံထွန်း၊
ကျောက်ပန်းတောင်းမြို့နယ်က ကိုဝင်းရွှေနဲ့
မိတ္တီလာ မြို့နယ်က ကိုတင်ကိုကိုနဲ့
မိုးကုတ်မြို့နယ်က ကိုမင်းသူတို့ ဖြစ်ပါတယ်။
အစိုးရက သူတို့တတွေကို ရွှေဝါရောင် တော်လှန်ရေး ဖြစ်နေချိန်မှာ ဖမ်းဆီး တရားစွဲခဲ့ပြီး မန္တ လေး အိုးဘိုထောင်တွင်းမှာ ရုံးထိုင်တဲ့ အောင်မြေသာဇံ မြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ ပြီးခဲ့တဲ့ အောက်တိုဘာ နှောင်းပိုင်းမှာ ချမှတ်ပါတယ်။
မနှစ်က အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ်စုံညီ အစည်းအဝေးမှာ ပြောဆိုကြတဲ့ စကားတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်း၊ ရုံးတင်၊ အစည်းအဝေးမှာ ပြောဆိုချက်တွေဟာ ပြောသူရော၊ နားထောင်သူပါ အစိုးရကို အကြည်ညို ပျက်စေမှု ကျူးလွန်တာပဲလို့ စွပ်စွဲပြီး တရားစွဲခဲ့တာပါ။ ဒါ့အပြင် မေတ္တာပို့ ကြွချီတဲ့ သံဃာတော်တွေကို ရေကပ်လှူတာ၊ သံဃာတော်တွေရဲ့နောက်က လိုက်ပါတာတွေဟာလည်း အစိုးရကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲ တရားစွဲပြီး ထောင်ဒဏ်ချ မှတ်လိုက်ပါတယ်။
ဒေါ်ဝင်းမြမြတို့ ၆ ဦးစလုံး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရတဲ့အပြင် ပုဒ်မ တခု တည်းနဲ့ ၄ ကြိမ်စွဲဆိုခံရသူလည်း ပါပါတယ်။ ပုဒ်မတခုကို ထောင်ဒဏ် ၂ နှစ်နှုန်းနဲ့ ပုဒ်မတူ ၄ မှုအ တွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ခံကြရတာပါ။
ဒီအမှုအတွက် တရားရုံးချုပ် အထိ အယူခံတက်သွားမယ်လို့ ရှေ့နေဦးမြင့်သွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်တုန်းကလည်း မန္တလေးခရိုင်တရားရုံးက ဒီအယူခံကို အကျဉ်းနည်း နဲ့ပဲ ပယ်ချခဲ့ပါတယ်။
ဒေါ်ဝင်းမြမြအပါအဝင် ခြောက်ဦးအမှုအယူခံ ခရိုင် အဆင့် ပယ်ချ
ဒီဗွီဘီ ဝ၅ နိုဝင်ဘာ ၂ဝဝ၈ အေးနိုင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြတို့ ခြောက်ဦးရဲ့ အယူခံကို မန္တလေးခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။
ဒီနေ့ပဲ ခရိုင်တရားရုံးကို သွားပြီး အယူခံတက်ရာမှာ ပယ်ချခံရတာလို့ အကျိုး ဆောင် ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။
“ကျနော်တို့ ဒေါ်ဝင်းမြမြတို့အမှု ရှစ်မှုစလုံးကို မန္တလေးခရိုင်တရားရုံးမှာ ပြစ်မှု ဆိုင်ရာ အယူခံမှု တင်ပါတယ်။ အယူခံမှုတွေမှာ ကျနော်တို့လူတွေကို ဒီဥပဒေနဲ့ ပြစ်ဒဏ် ချထားတာ ဥပဒေအရ မှားယွင်းတဲ့အကြောင်း၊ စွဲဆိုထားတဲ့ ဥပဒေအရ မှားယွင်းတဲ့ အကြောင်း၊ ကျနော်တို့လူတွေကို ပြစ်ဒဏ် မချသင့်တဲ့အကြောင်း ဥပဒေကိုးကားပြီးတော့ အယူခံမှု လျှောက်ရပါတယ်။ လျှောက်တဲ့အခါမှာ မန္တလေးခရိုင်တရားသူကြီးက ကျနော်တို့ လျှောက်ထားတဲ့ လျှောက်လွှာတွေကို ဖတ်ပါတယ်။ ဖတ်ပြီးတော့ စီရင်ချက်ကို ဖတ်ပါတယ်။ စီရင်ချက်ကို ဖတ်ပြီးတဲ့အခါမှာ သူက အယူခံမှုကိုလက်မခံဘူး။ ဒီအမှုကို တော့ အကျဉ်းနည်းနဲ့ ပလပ်တယ်။ ဆက်တိုက်အယူခံ ပြင်ဆင်မှုတွေ တက်နိုင်ပါတယ်လို့ တရားရုံးကနေ အမိန့်ချပါတယ်။”
အကျဉ်းနည်းနဲ့ ပလပ်တယ် ဆိုတာဟာ အကျဉ်းချုပ် နဲ့ ပယ်လိုက်တာလို့ အဓိပ္ပာယ် ရပါတယ်။ အဲဒီခြောက်ဦးကတော့
အဖွဲ့ချုပ် မန္တလေးတိုင်းစည်းရုံးရေး ကော်မတီဝင် ဒေါ်ဝင်းမြမြ၊
အဖွဲ့ချုပ် မန္တလေးတိုင်း ဒုဥက္ကဌ ဦးသန်းလွင်၊
စည်းရုံးရေးကော်မတီဝင် ဦးကံထွန်း၊
မိုးကုတ်မြို့နယ်က ကိုမင်းသူ၊ မိတ္ထီလာမြို့နယ်က ကိုတင်ကိုကိုတို့ ဖြစ်ပါတယ်။
အစိုးရက သူတို့တတွေကို ရွှေဝါရောင် တော်လှန်ရေး ဖြစ်နေချိန်မှာ ဖမ်းဆီးပြီး တရားစွဲဆိုထားတာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ လကုန်ပိုင်းက မန္တလေး အိုးဘိုထောင်တွင်း ရုံးထိုင် အောင်မြေသာဇံမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ကနေ ၁၃ နှစ်အထိ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
မနှစ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း မြို့နယ် စုံညီအစည်းအဝေးမှာ ပြောတဲ့စကားတွေကို ထောက်လှမ်းရေးက အသံခိုးဖမ်း၊ ရုံးတော်ကိုတင်၊ ဒီအစည်းအဝေးမှာ ပြောဆိုချက်တွေဟာ ပြောသူမှာရော၊ နားထောင်သူမှာပါ အစိုးရကို အကြည်ညိုပျက်စေမှု ကျူးလွန်ရာရောက်တယ်လို့ စွပ်စွဲပြီး တရားစွဲခဲ့တာပါ။
မေတ္တာပို့တဲ့ သံဃာတွေကို ရေကပ်လှူတာ၊ မေတ္တာပို့သံဃာတွေနဲ့အတူ လိုက်ပါတာတွေဟာလည်း အစိုးရကို အကြည်ညိုပျက်စေတယ်လို့ စွပ်စွဲတရားစွဲဆိုပြီး ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ သူတို့ခြောက်ယောက်စလုံး စွဲဆိုခံခဲ့ရသလို တချို့ တကြိမ်စွဲဆိုခံရပြီး တချို့ပုဂ္ဂိုလ်တွေဆို လေးကြိမ် စွဲဆိုခံရပါတယ်။ ပုဒ်မတခုကို ထောင် နှစ်နှစ်နှုန်းနဲ့ ပုဒ်မတူ လေးမှုအတွက် ၈ နှစ်ချမှတ်ခံရသူတွေ ရှိကြပါတယ်။ ကာယကံရှင်တွေရဲ့ မိသားစုဝင်တွေကတော့ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားတယ်လို့ ပြောပြကြသလို ရှေ့နေ ဦးမြင့်သွင်ကလည်း လာမယ့်သီတင်းတပတ်အတွင်းမှာ တိုင်းအဆင့် အယူခံတက်နိုင်အောင် ပြင်ဆင်နေပြီလို့ ပြောပြပါတယ်။
Tuesday, December 2, 2008
Subscribe to:
Comments (Atom)
