Tuesday, June 5, 2007

DVB news

မန္တလေး အဖွဲ့ချုပ်ဝင်တဦး၏ အကိုပိုင် အထည်ဆိုင် သိမ်းယူခံရ
ဒီဗွီဘီ ၊ ၅ ၊ ဇွန် ၊ ၂ဝဝ၇ ခင်နှင်းထက်

မန္တလေးတိုင်း အဖွဲ့ချုပ် စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုး လုပ်ကိုင်နေတဲ့ အထည်ဆိုင်ကို အာဏာပိုင်တွေက ဖိအားပေး အပိတ်ခိုင်းပြီး သိမ်းယူလိုက်ကြောင်း သိရပါတယ်။

ဦးဘစိုး အမည်နဲ့ ဖွင့်ထားတဲ့ မန္တလေးဈေးချိုက စန်းရောင်ရှင် အထည်ဆိုင်ကို အခုလ (၁) ရက်နေ့မှာ စည်ပင်သာယာအတွင်းရေမှူး ဗိုလ်မှူးကြီးမောင်ပုက ဖိအားပေး အပိတ်ခိုင်းခဲ့တာလို့ ဆိုင်ပိုင်ရှင် ဦးဘစိုးက ပြောပါတယ်။

ဒီကနေ့မှာတော့ အပြီးသတ် ဆိုင်ခန်း ပိတ်ပေးလိုက်ရပြီး ကာလပေါက်ဈေး သိန်းတထောင်လောက် တန်ဖိုးရှိတဲ့ ဆိုင်ခန်းကိုပါ သိမ်းယူသွားတာလို့ မိသားစုတွေက သိရပါတယ်။ ဆိုင်ခန်းပိတ်ပေးဖို့ အာဏာပိုင်တွေ လာရောက် အကြောင်းကြားပုံကို ဦးဘစိုးက အခုလို ပြောပြပါတယ်။

“(၅) နာရီခွဲကျတော့ မြို့တော် စည်ပင်ရဲ ဗိုလ်မှူးကြီးသိန်းငွေ၊ စည်ပင်အရာရှိ ဦးသိန်းလွင်၊ ရဲတပ်ကြပ် ဦးလှမြင့်၊ ဌာနမှူး ဦးကျော်ဆွေတို့ ရောက်လာကြတယ်။ (၅) နာရီခွဲ သူတို့ ရောက်လာတဲ့အခါမှာ ရဲဗိုလ်မှူးကြီးက ဦးဘစိုးတဲ့ ဒီစာကို လက်ခံပြီးမှ ရရှိကြောင်း ဆိုင်းထိုးပေးပါတဲ့။

ကောင်းပါပြီ စာကို ကျနော် ဖောက်ဖတ်ကြည့်လိုက်ပါမယ် ဆိုပြီး ဖောက်ဖတ်ကြည့်လိုက်တဲ့ အခါမှာတော့ စည်ပင်သာယာရဲ့ စာထဲမှာ ဘာပါလဲဆိုတော့ ဦးဘစိုး ငှားရမ်းထားတဲ့ ဆိုင်ခန်းက ဆိုင်ခန်းအဆောက်အအုံ အတွင်းမှာ အစိုးရက ခွင့်မပြုတဲ့ ကုန်ပစ္စည်းများ သိုလှောင်ထားခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းများကို ပြုလုပ်တာ တွေ့ရှိရတယ်လို့ ဖော်ပြထားပါသည်။ သို့ပါ၍ စည်ပင်သာယာဈေး ဥပဒေစည်းကမ်း အပိုဒ် (၁၄) အရ ယင်းစည်းကမ်းတွေကို ချိုးဖောက်တယ်ဆိုရင် ဆိုင်ခန်း အသုံးပြုခွင့်ကို (၁၊ ဝ၆၊ ၂ဝဝ၇) (၁၆) နာရီ အချိန်မှာ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်းကို အကြောင်းကြားပါသည်ဆိုတဲ့ စာကို ရောက်လာတော့၊ ကျနော်က ဒီလိုဆိုရင် ဆိုင်ခန်း ပြန်သိမ်းတဲ့အကြောင်းကို (၁) ရက်နေ့ (၄) နာရီ သိမ်းမဲ့အကြောင်းကို (၅) နာရီခွဲမှာ လာပြီးတော့ စာလာပို့တယ်ဆိုတော့ အင်မတန် နစ်နာသွားတယ်လို့၊ ဖြစ်လဲ မဖြစ်သင့်တဲ့ ကိစ္စဖြစ်သွားပြီလို့ ကျနော်တို့က ဈေးစည်းကမ်းကို ဘာမှလဲ ကျူးလွန်ထားတာ မရှိဘူးလို့၊ ကျနော်တို့က အဖွဲ့ချုပ်ဝင်တွေ ဖြစ်သွားလို့ ဒီလို ဖြစ်သွားသလား မသိဘူးလားဆိုတော့ ဗိုလ်မှူးကြီး ရဲဦးသိန်းငွေက အဲဒါတော့ ကျနော်တို့ မသိဘူးတဲ့ ကျနော်တို့ကို လက်မှတ်ထိုးပေးပါဆိုတော့ စာပါအချင်းအရာက သိပ်လေးနက်လွန်းအားကြီးပြီး၊ သိပ်အကျည်းတန်နေတဲ့အပေါ်မှာ လက်မှတ်ထိုးဖို့က တော်တော် စဉ်းစားရမဲ့ အနေအထားမှာ ရှိတယ်လို့ ပြောလိုက်တဲ့ အခါမှာ၊ ရဲဗိုလ်မှူးကြီးက ကျနော်တို့က လက်မှတ်ထိုးမပေးရင်တော့ အခြားနည်း သုံးမှာပဲလို့ သူက ပြောတယ်။ အဲဒီတော့ ကျနော်တို့ကလဲ မဟုတ်လဲ ရင်ဆိုင်ရမဲ့ အတူတူ ကျနော်တို့က ထိုးပေးလိုက်တယ်။”

ဆိုင်ခန်းပိတ်ပေးဖို့ လာရောက်အကြောင်းကြားတဲ့ နောက်တရက်မှာတော့ စည်ပင်အရာရှိ ဗိုလ်မှူးကြီးမောင်ပုက ဆင့်ခေါ်တဲ့အတွက် ဆိုင်ခန်းပြန်ဖွင့်ခွင့်ပြုဖို့ နှုတ်နဲ့ရော စာနဲ့ပါ တခါတည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ ဆိုင်ခန်းကို အပြီးသတ် ပိတ်ပေးခဲ့ရတယ်လို့ ဦးဘစိုးက ပြောပါတယ်။ ဒီလို အထည်ဆိုင် ဖိအားပေး အပိတ်ခံရတဲ့အပေါ် ဦးဘစိုးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ကို ဗိုလ်မှူးကြီးမောင်ပုက စည်ပင်သာယာရုံးမှာ (၂) ရက်နေ့ မနက်က သွားတွေ့တုန်းက သူက ဓာတ်ပုံ (၄) ပုံ ထုတ်ပေးတယ်။ တပုံက စန်းရောင်ရှင်ဆိုတဲ့ ဆိုင်နာမည် ဆိုင်းဘုတ်ကို ပြတယ်။ ဒါ ခင်ဗျားတို့ ဆိုင်လားတဲ့ ဟုတ်ပါတယ်။ ဒါ ကျနော်တို့ ဆိုင်ပါလို့။ နောက် တဖက်တချက်မှာ NLD အလံ ပါတယ်။ ဒါခင်ဗျားတို့ ဆိုင်လားတဲ့ ဟုတ်ပါတယ်။ ကျနော်တို့က အဖွဲ့ချုပ်ဝင်တွေ၊ အဖွဲ့ချုပ်ဝင် မို့လို့ (၈၉) ခုနှစ်မှာ ကပ်ထားတဲ့ အလံလေးဖြစ်တယ်။ နောက်တခါ ထပ်ပြတယ်။ မှန်ဗီရိုထဲမှာ ထည့်ထားတဲ့ အဝတ် အထည်လဲ မပါတော့ဘူး၊ မှန်ဗီရိုလဲ မပါတော့ဘူး၊ (၄) လက်မ၊ (၆) လက်မ ရှိတဲ့ မော်တော်ကားကို ကပ်တဲ့ အလံလေးတခုထဲကိုပဲ ကွန်ပြူတာနဲ့ ချဲ့ပြီးတော့မှ အလံ ဆိုင်းဘုတ်ကြီးကဲ့သို့ အရောင်တွေကလဲ ဆေးတွေ ကူပြီးတော့မှ၊ အောက်ခံကလဲ နီရဲတောက်ပြီးတော့မှ၊ ခွပ်ဒေါင်းကြီး ကလဲ ဝါထိန်နေတဲ့ ပုံကို ကျနော်တို့ကို ပြတယ်။ ပြတော့ ကျနော်တို့က ဒါကတော့ ဒီလို အရွယ်ကြီးက ကျနော်တို့ဆီမှာ မရှိဘူး။ နောက် ဒါက ဆေးလဲ ကူထားတယ်။ ကျနော်တို့ ဆီမှာရှိတဲ့ (၄) လက်မ၊ (၆) လက်မ ကပ်ထားတာလေးက မှေးမှိန်နေတယ်။ ဒါကြီးကတော့ သက်သက်မဲ့ တဖက် နစ်နာအောင် စီစဉ်ပြီးတော့ ဓာတ်ပုံပညာနဲ့ ဖန်တီးပြီးတော့မှ တဖက်လူ ဒုက္ခရောက်အောင် သတင်းမှားတွေကို သူတို့ ပေးပို့ တိုင်တန်းခြင်းဖြစ်ဖို့ များတယ် လို့ ဒီလိုပဲ ပြန်ဖြေခဲ့တယ်။ အဲဒီ အနေအထားပဲ ကျနော်တို့ကို ဈေးစည်းကမ်းနဲ့ မငြိဘဲနဲ့္ဒီူ စတစ်ကာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေက ဈေးဒရဝမ်တွေနဲ့ ပေါင်းပြီးတော့မှ အလံထီးထီးကြီး တခုထဲကို တင်ပြထားတဲ့ အခါကျတော့ အထက်လူကြီးတွေက ဇဝေဇဝါတော့ ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။”

ညီမဖြစ်သူ မန္တလေးတိုင်းအဖွဲ့ချုပ် စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကလဲ ဆိုင်ခန်းအသိမ်းခံရတဲ့အပေါ် အာဏာပိုင်တွေကို ဝေဖန်ပြောကြားသွားပါတယ်။

ဒေါ်ဝင်းမြမြ အပါအဝင် ဦးဘစိုးတို့ မောင်နှစ်မ (၅) ဦးစလုံးဟာ အဖွဲ့ချုပ်ဝင်တွေဖြစ်ပြီး၊ (၁၉၉၉) ခုနှစ်က ဦးဘစိုးတို့ မောင်နှစ်မ (၄) ဦး နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးထောင်ချ ခံခဲ့ရဖူးတယ်လို့လဲ ဒေါ်ဝင်းမြမြက ဒီဗွီဘီကို ပြောပြသွားခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းကလဲ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုမြအေးနဲ့ တိုင်းရင်းသား ခေါင်းဆောင် ပူကျင်ရှင်းထန်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖိအားပေး ပိတ်ပင်ခံခဲ့ရပါတယ်။

Monday, May 28, 2007

4 yrs after Depayin attack

မန္တလေးအဖွဲ့ချုပ် မှ ဦးစီး၍ ဒီပဲယင်း (၄) နှစ်ပြည့် ဆွမ်းကပ်ပွဲ
မစိုးရိမ်ကျောင်းတွင် ကျင်းပမည်
ဒီဗွီဘီ ၊ ၂၈ ၊ မေ ၊၂ဝဝ၇ မောင်တူး

မန္တလေးမြို့ပေါ်ရှိ မစိုးရိမ်ကျောင်းတိုက်မှာ ဒီပဲယင်း (၄) နှစ်ပြည့် ဆွမ်းကပ် အမျှအတန်း ပေးဝေပွဲကို မန္တလေးတိုင်း အဖွဲ့ချုပ် ကနေ ဦးစီးကျင်းပမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း အဖွဲ့ချုပ် စည်းကော်မီတီဝင် ဒေါ်ဝင်းမြမြက အခုလို ပြောပါတယ်။

“ဒီပဲယင်းမှာ သေဆုံးခဲ့ကြရတဲ့ လူပုဂ္ဂိုလ်များ အားလုံးအပေါ်မှာ ရည်စူးပြီးတော့မှ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ မစိုးရိမ်ကျောင်းတိုက်မှာ ဆရာတော်၊ သံဃာတော်များကို ဆွမ်းကပ်၊ ဆွမ်းလောင်း အလှူဒါနများ ပြုလုပ်ပြီးတော့မှ ပရိတ်တရားတော်နာ၊ ရေစက်ချ အမျှအတန်းဝေပြီးတော့မှ သေသူများ အပေါ်မှာ ကုသိုလ်ကောင်းမှုများ ပေးပို့ပေးမှာ ဖြစ်ပါတယ်”

အလားတူ အဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့ကလဲ ဒီပယင်း နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်မယ်လို့ သိရပါတယ်။ ။

Wednesday, March 28, 2007

view on USDA

အဖွဲ့ချုပ် အဖွဲ့ဝင်များ နှုတ်ထွက်ရန် ကြံ့ဖွံ့ အဖွဲ့ မက်လုံးပေး စည်းရုံး
ဒီဗွီဘီ ၊ ၂၈ ၊ မတ် ၊ ၂ဝဝ၇

မန္တလေးတိုင်း အဖွဲ့ချုပ် ဝင်တွေကို ကြံ့ဖွံ့အာဏာပိုင်တွေက အဖွဲ့က နှုတ်ထွက်ဖို့ မက်လုံးပေးပြီး လိုက်လံစည်းရုံး နေတယ်လို့ သိရပါတယ်။ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ NLD အဖွဲ့ဝင်တွေ ပါတီကို ဆန့်ကျင် နှုတ်ထွက်နေတယ်လို့ ပြောဆိုနေချိန်မှာပဲ ပြင်ဦးလွင်မြို့ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဘထူးကို အဖွဲ့ချုပ် ကနေ နှုတ်ထွက်ပေးဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တွေ လိုက်လံ စည်းရုံးနေတာ အခုလအတွင်းမှာပဲ နှစ်ကြိမ်ရှိသွားပြီလို့ သိရပါတယ်။

ဘယ်လို မက်လုံးပေးပြီး စည်းရုံးခဲ့တာလဲလို့ ဦးဘထူးကို မေးကြည့်ရာမှာတော့ အခုလို ပြောပြပါတယ်။

“အဓိကကတော့ ပြင်ဦးလွင်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးခင်မောင်အေး သူက ရုံးအဖွဲ့မှူးလို့လဲ ပြောပါတယ်။ အဓိကက သူလာ စည်းရုံးတာပါပဲ။ ရက်က (၁၅) ရက် လောက်ကပေါ့။ ဒုတိယ အခေါက်ကတော့ (၂၃) ရက်ပါ၊ ဒီလအတွင်းပေါ့။ ဒေါက်တာ ဘထူးအနေနဲ့ ပြင်ဦးလွင်မြို့နယ် အဖွဲ့ချုပ် မှာ လုပ်နေတာ သူတို့ သိတယ်ပေါ့။ နဂိုက နှုတ်ထွက်သွားကြတဲ့ ဦးစောနောင်လွင်နဲ့ ဒေါ်မေကြည်တို့ဘက်က ကျနော့်ကို မလျှော့ဘူးပေါ့၊ ပါရမယ် ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်တဲ့ အကူအညီရှိရင် ပြောပါ။ သူတို့ အကူအညီ ပေးမယ်ပေါ့လေ။ တိုင်းက ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးအောင်ကျော်သာနဲ့လဲ တွေ့ပေးမယ်ပေါ့၊ လိုအပ်ရင် ဝန်ကြီး ဦးအောင်သောင်းနဲ့ပါ တွေ့ပေးဖို့ စီစဉ်ပေးမယ်ပေါ့။ အဓိကကတော့ ကျနော် ဒီမှာ နှုတ်ထွက်ပြီးတော့ သူတို့နဲ့ ပူးပေါင်းဖို့ပေါ့။ အဲဒီအတွက် လာစည်းရုံးတာပါ”

အရင်တုန်းကလဲ မြို့နယ် ကြံ့ဖွံ့ကနေ အဖွဲ့ချုပ် ဝင်တွေကို မက်လုံးပေးပြီး စည်းရုံးခဲ့တာတွေနဲ့ ပတ်သက်လို့လဲ ဦးဘထူးကပဲ သူသိသလောက် အခုလို ပြောပြပါတယ်။

“ဘာတွေ ပေးလိုက်တယ် ဆိုတာကတော့ ကျနော်တို့ မသိဘူးပေါ့။ ဘေးက ကြားတာကတော့ သူတို့ တွေ ရတယ်ပေါ့။ ငွေသားလဲ ရတယ်၊ လုပ်ငန်းလုပ်ခွင့် ကန်ထရိုက်တွေ ရတယ်လို့ အဲဒီလို ကြားတာပဲ။ အခု (၁ဝ) ရက်လောက်ကလဲ ဝံသာနု ဒေါက်တာစိုးလင်းတို့ အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ လုပ်ငန်းပါ တွဲလုပ်နေတယ်လို့ ကြားပါတယ်”

အခုလို အဖွဲ့ချုပ် ဝင်တွေကို မက်လုံးပေး နှုတ်ထွက်ခိုင်းနေတာနဲ့ ပတ်သက်လို့ ပြင်ဦးလွင်မြို့ ကြံ့ဖွံ့အသင်းကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြင်ဦးလွင်မြို့နယ် အဖွဲ့ချုပ် ဝင်တွေကတော့ ဘယ်လို မက်လုံးတွေနဲ့ပဲ နားချနားချ ဒီမိုကရေစီ ရရှိဖို့အတွက် အဖွဲ့ချုပ် လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ အခုလို ဆိုပါတယ်။

“ကျနော်တို့ (၁၆) ဦးနဲ့ စနစ်တကျ ပြန်လည် ဖွဲ့စည်းပြီးပြီပေါ့။ အဖွဲ့ချုပ် လုပ်ငန်းတွေကိုလဲ အရှိန်အဟုန်မပျက် ဆက်ပြီးတော့ ကြိုးစားပြီး လုပ်နေတဲ့ အကြောင်းကို ကျနော် ပြောချင်ပါတယ်”

ပြင်ဦးလွင်မြို့ အဖွဲ့ချုပ် စည်းအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ ဦးမြင့်စိုး ပြောပြခဲ့တာပါ။

အခုလို ကြံ့ဖွံ့အနေနဲ့ အဖွဲ့ချုပ် ပါတီဝင်တွေကို ဖိအားပေး ခြိမ်းခြောက်ပြီး နှုတ်ထွက် ခိုင်းနေတာဟာ တိုင်းပြည်အတွက် နစ်နာစေပြီး အဖျက်လုပ်ငန်း ဖြစ်တယ်လို့ မန္တလေးတိုင်း စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြက အခုလို ကန့်ကွက် ပြောဆိုခဲ့ပါတယ်။

“ကိုယ့်ရဲ့အလုပ်ကို ကိုယ်မလုပ်ဘဲနဲ့ တခြား ပါတီက ပါတီဝင်တွေကို နှုတ်ထွက်ဖို့ လိုက်လုပ်နေတယ် ဆိုတာက ပျက်စီးရာ ပျက်စီးကြောင်း အဖျက်လုပ်ငန်း လုပ်တယ်လို့ပဲ ပြောချင်တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ကတော့ တိုင်းပြည်ကောင်းအောင် လုပ်တဲ့အလုပ်နဲ့ကိုပဲ ဗဟိုရော၊ တိုင်းရာ၊ မြို့နယ်ရော၊ ရပ်ကွက်အဆင့်ရော၊ ရိုးရိုး အဖွဲ့ချုပ် ဝင်တွေရော မအားနိုင်ပါဘူး။ ကိုယ့်အလုပ်ကို လုပ်နေကြတာပါ။ ဒါကြောင့်လဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လုပ်ငန်းတွေ အောင်မြင်နေတယ်လို့ပဲ ပြောချင်တယ်”